စပါး မျိုးကောင်း မျိုးသန့် မျိုးစေ့ နည်းပညာ
မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေး
အမှန်တကယ် မျိုးစစ်မျိုးမှန်ဖြစ်၍ သန့်စင်သော မျိုးသည်သာ မျိုးသန့်မျိုးစေ့ (Seed) ဖြစ်သည်။ မျိုးသန့်မျိုးစေ့ (Seed) ကိုသာ စိုက်ပျိုးရန် အသုံးပြုသင့်သည်။ (Seed for sowing) မျိုးမသန့်သော မျိုးစေ့ (Grain) ကို မူစိုက်ပျိုးရန် အသုံး မပြူသင့်။ စားသုံးရန်သာ အသုံးပြုသင့်သည်။ (Grain for eating) အပင်ပေါက်နုန်း (Germination) ကောင်းတိုင်း မျိုးစစ် မျိုးမှန် မျိုးသန့် မဖြစ်နိုင်သဖြင့် Seed နှင့် Grain ကို ခွဲခြား နားလည်သင့်သည်။ “မျိုးကောင်း တစ်စေ့ကို ကျောက်ကောင်း တစ်လုံးနှင့် မလဲနိုင်” “မျိုးစေ့ မမှန် ပင်မသန် ဖူးတံငုံကင်း အသီးဖျင်း” “Better seed means better srops” သီးနှံ စိုက်ပျိုးထုတ်လုပ် (Crop Production) ရာတွင် ဂရုတစိုက် ထွန်ရေး တမန်း ကောင်းရန် မြေပြုပြင်၊ မြေသြဇာ စနစ်တကျကျွေး၊ ပိုးသတ်ဆေး၊ ရောဂါ ကာကွယ်ဆေး၊ ပေါင်းသတ်ဆေး၊ သွင်းအားစု အကုန်သုံး၊ ရေသွင်း ရေထုတ် မှန်ကန်စသည်ဖြင့် အစွမ်းကုန် ဆောင်ရွက် စေကာမူ စိုက်ပျိုးရာတွင် အသုံးပြုသော မျိုးစေ့များက (ဒေသမျိုး၊ အထွက် ကောင်းမျိုး၊ စပ်မျိုး၊ မည်သည့်မျိုးဖြစ်ပါစေ) မျိုးမစစ် မျိုးမသန့် အပင်ပေါက် ညံ့ဖျင်းလျင် အချိန်ကုန် ငွေကုန် စက်အား လူအား အပင်ပန်းခံ၍ ကြိုးပမ်းသမျှ သည် မျှော်မှန်းသလို မဖြစ် အချည်းအနှီးသာ ဖြစ်သွားမည်ကို သတိမူသင့်ပါသည်။
စပါးမျိုးကောင်း ဟူသည်မှာ
မည်သည့် စပါးမျိုးကို ’မျိုးကောင်း’ဟု ခေါ်ဆိုမည်နည်း?
စမ်းသပ်မှု အဆင့်ဆင့် ဆောင်ရွက်၊ သုတေသနပြုပြီး အမျိုးသားမျိုးစေ့ ကော်မီတီ (National Seed Committee) မှ အတည်ပြု ထုတ်ဝေထားသည့် စပါးမျိုး အားလုံးသည် သက်ဆိုင်ရာ ရေမြေ အခြေအနေတွင် ’မျိုးကောင်း‘ များချည်း ဖြစ်သည်။ သို့သော် မိမိရေမြေ၊ မိမိလယ်မြေ၊ မိမိအကြိုက်ကို ဆုံးဖြတ်မည့်သူမှာ စိုက်ပျိုးသူ လယ်သမားသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စပါးစိုက်ပျိုးရာ ရေမြေ သဘာဝ ဒေသ အမျိုးမျိုး ကွဲပြားခြားနားလျက် ရှိသည်။ မိမိ လယ်မြေဒေသ၊ စိုက်ချိန်၊ ရာသီနှင့် ကိုက်ညီခြင်း၊ အထွက်ကောင်းခြင်း၊ အထွက် တည်ညိမ်ခြင်း၊ ဝမ်းစာအဖြစ် စားသုံးနိုင်ခြင်း စသည့် အရည်အချင်းများကို စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။
ထိုမျှမက စပါးစိုက်ခင်းများ၌ ကျရောက်လေ့ ရှိသော ဘက်တီးရီးယား ရွက်ခြောက်ရောဂါ၊ ဘက်တီးရီးယား ရွက်စင်းရောဂါ၊ စပါးဆစ်ပိုး၊ စပါးအညိုရောင် ဖြုတ်ပိုးစသည့် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်မခံနိုင် တို့ကို စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။ ၄င်းပြင် မိမိရပ်ရွာ၌ ရောင်းဝယ် ဖေါက်ကားသူ၊ ကြိတ်ခွဲသူ၊ ဝယ်ယူ စားသုံးသူ၊ နှစ်သက် သည့် အရည်အသွေးရှိမရှိ၊ စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။
မိမိလယ်မြေ၌ စိုက်ပျိုးစဉ်၊ စပါးမျိုးအလိုက် သင့်တော်သည့် ကောက်ကွက်၊ စိုက်ချိန်၊ စိုက်စနစ်၊ မြေသြဇာ ထည့်သွင်းမှု စသည့် ပုံမှန်ပြုစုသည့် အခြေအနေတွင် ယိုင်လဲမှုကိုခံနိုင်သော၊ ယိုင်လဲခြင်းမရှိသော စပါးမျိုးဖြစ်မဖြစ် စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။ သက်တမ်းအလိုက် သီးပွင့်ရင့်မှည့်သည့် စပါးမျိုးများကို မိုး၊ နွေ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသည့် ရာသီ၊ သီးနှံပုံစံတို့ အလိုက် စပါးအပြီး ယာသီးနှံ၊ ယာသီးနှံအပြီး စပါး၊ စပါးအပြီး စပါး စသည် တစ်သီးပြီး တစ်သီး စိုက်ပျိုးနိုင်ရန် သင့်တော်သည့် သက်တမ်း ရှိမရှိကိုလည်း စိုက်ပျိုးသူ လယ်သမားသာ သိပါသည်။ စိုက်ပျိုးသူ လယ်သမားများသည် သူ့ရေမြေ၊ သူ့လိုအပ်ချက်နှင့် ကိုက်ညီသည့် မျိုးကိုသာ ရွေးချယ်ပြီး စပါးမျိုးကောင်း အဖြစ် ဆက်လက် စိုက်ပျိုးလေ့ ရှိပါသည်။
စပါးမျိုးသန့်မျိုးစေ့ဟူသည်မှာ
မည်သည့် အခြေအနေရှိသည့် စပါးမျိုးကို ’မျိုးသန့်’ ဟု ခေါ်ဆို မည်နည်း?
တစ်ခြားမျိုးများ ရောနှော အပါဝင်ဘဲ မိမိအသုံးပြုမည့် မျိုးချည့်ပါဝင်သော မျိုးကို’မျိုးသန့်’ဟုခေါ်ဆို နိုင်ပါသည်။
မျိုးကောင်းတိုင်း မျိုးသန့် ဖြစ်နိုင်ခြင်း မရှိပေ။ မျိုးစေ့များသည် အရွယ်အစား ညီညာနေရမည်။ ပေါင်းမြက်စေ့များ ကင်း စင်နေရမည်။ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်သရိုက် စသည့် မလိုလားသော အခြားပစ္စည်းများ ရောနှော ပါဝင်ခြင်း မရှိစေရ။ ပိုးမွှား ရောဂါ ဖြစ်ကြောင်း များလည်း ကပ်ငြိ ပါလာခြင်း မရှိစေရပေ။
လယ်သမားများ သုံးနှစ် တစ်ကြိမ် သွေးသစ်လောင်းမျိုး ဖလှယ်စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့ အဆင့်မှာ မျိုးသန့် အဆင့်-၂ (Certified Seed-CS) (ယခု အခေါ်အဝေါ်မှာ စီးပွားဖြစ် မျိုးသန့်မျိုးစေ့) ဖြစ်ပါသည်။ စပါး CS မျိုးသန့်တွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေး စံချိန်စံညွှန်းမှာ မျိုးသန့်စင်မှု( အနည်းဆုံး ၉၇ ရာခိုင်နှုန်း)၊ အပင်ပေါက် ရာခိုင်နှုန်း (၈၀ နှင့် အထက်)၊ မျိုးစေ့တွင်း အစိုဓါတ် (အများဆုံး ၁၃ ရာခိုင်နှုန်း)၊ ဆန်နီပါဝင်မှု (အစေ့ ၅၀၀ ဂရမ်တွင် ၅ စေ့ထက် မပိုရ)၊ ပေါင်းမြက်စေ့ ပါဝင်မှု ( အစေ့ ၅၀၀ ဂရမ် တွင် ၁၀ စေ့ထက် မပိုရ)တို့ ဖြစ်ပါသည်။
စပါး မျိုးသန့်မျိုးစေ့ ထုတ်လုပ်ခြင်း (Seed Production) လုပ်ငန်းစဉ် အဆင့်ဆင့်
မျိုးသန့်မျိုးစေ့ (Seed) စိုက်ပျိုး ထုတ်လုပ်ခြင်းသည် လယ်သမားများ သမရိုးကျနည်းဖြင့် စားသုံးရန် သီးနှံစေ့ (Grain) စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ဦးတည်ချက် လုံးဝခြားနား ပါသည်။ လယ်သမားများ သုံးနှစ်တစ်ကြိမ် သွေးသစ်လောင်းမျိုး ဖလှယ်စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့အဆင့်မှာ မျိုးသန့်အဆင့်-၂ (Certified Seed-CS) (ယခု အခေါ်အဝေါ် မှာ စီးပွားဖြစ် မျိုးသန့်မျိုးစေ့) ဖြစ်ပါသည်။ အဆိုပါ CS မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် မျိုးသန့်စံပြရွာများ၊ အကျိုးဆောင် တောင်သူများနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္မဏီများတွင် ပွားများကြောင်း သိရပါသည်။
မျိုးစေ့ဇစ်မြစ် (Seed Source) မှန်ကန်ရေးသည် အရေးပါပေရာ မျိုးသန့်စံပြရွာများ၊ အကျိုးဆောင် တောင်သူ များနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္မဏီများသည် CS မျိုးစေ့ထုတ်ရန် လိုအပ်သော မျိုးသန့်အဆင့်-၁ (Registered Seed-RS)(ယခု အခေါ်အဝေါ်မှာ မျိုးသန့်မျိုးပွားမျိုးစေ့)ကို စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲခြံ များမှ ရယူရန် ဖြစ်ပါသည်။
မျိုးစေ့ ဌာနခွဲခြံများသည် R S မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်သည်။ အလားတူ အခြေခံ မျိုးအဆင့်-၂ (Foundation Seed – FS) (ယခု အခေါ်အဝေါ်မှာ ဆင့်ပွားမျိုးစေ့) မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းကို လည်း ဆောင်ရွက်သည်။ FS မျိုးစေ့ ထုတ်ရန် လိုအပ်သော အခြေခံမျိုးအဆင့်-၁ (Breeder Seed-BS) (ယခု အခေါ် အဝေါ်မှာ မိဘမျိုးစေ့) ကို စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဆန်စပါးသီးနှံ ဌာနခွဲမှ ရယူရန်ဖြစ်ပါသည်။အသုံးပြုသော မျိုးစေ့ဇစ်မြစ် (Seed Source) နှင့် မျိုးစေ့အဆင့် (Seed Class) မှန်ကန်ခြင်း၊ စတင်စိုက်ပျိုး သည်မှ မျိုးကွဲပယ်၊ ရိတ်သိမ်းချွေလှေ့ သိုလှောင်ဖြန့်ဖြူး ရောင်းချသည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် နည်းစနစ် မှန်ကန်ခြင်း တို့သည် အထူးအရေးကြီးပါသည်။
မျိုးသန့်အဖြစ် စိုက်ပျိုး သော်လည်း မျိုးစေ့ဇစ်မြစ် (Seed Source) မမှန်ခြင်း၊ မျိုးကွဲပယ်ခြင်း၊ စစ်ဆေးမှု အဆင့်ဆင့် (Inspection) ဆောင်ရွက်ခြင်း စသည် စနစ်တကျ မပြုလုပ်ပါက မည်သည့် မျိုးစေ့အဆင့်ကို ပွားများသည် ဖြစ်စေ သီးနှံစေ့ (Grain) ဖြစ်သွားနိုင်သည်ကို စပါးမျိုးသန့် မျိုးစေ့ ထုတ်လုပ်ခြင်း (Seed Production) လုပ်ငန်းစဉ် အဆင့်ဆင့် တွင် ပါဝင်ဆောင်ရွက်သူ အားလုံး သတိမူသင့်ပါသည်။
မျိုးသစ်များကို လေ့လာ အကဲဖြတ်ခြင်း (Evaluating new varieties)
လယ်သမားများသည် လက်ရှိ စိုက်ပျိုးနေသော မျိုးထက်သာလွန် ကောင်းမွန်သော မျိုးသစ်ကို လိုလားသည်မှာ မှန်ပါသည်။ သို့သော် မစွန့်စားနိုင်၊ အဆုံးအရှုံး မခံနိုင်ပေ။ သို့ဖြစ်၍ မျိုးသစ်ကို မျက်မြင်ကိုယ်တွေ့ သိမြင်သေချာ မှသာ ယုံကြည် စိုက်ပျိုးရဲလေ့ ရှိပါသည်။ (Seeing is believing) မျိုးသစ်ကို လက်ရှိမျိုးနေရာတွင် အစားထိုးစိုက်ပျိုး သင့်မသင့် မိမိကိုယ်တိုင်ဦးစွာ လေ့လာသင့်ပါသည်။
လေ့လာ အကဲဖြတ်နည်း အဆင့်ဆင့်
0. မျိုးသစ်၏ အစေ့ပုံပန်း သဏ္ဍာန် (Grain quality)၊ ဈေးကွက် အလားအလာ (Market demand)၊ မျိုးဈေးနှုန်း (Price) တို့ကို မိမိအကြိုက် ဖြစ်မဖြစ် သင့်တော်/မတော် ဦးစွာ အကဲဖြတ် ရပါမည်။
0. မိမိပိုင် လယ်မြေ၏ တစ်စိတ်တစ်ပိုင်းတွင် ဧရိယာ ဧက ကျဉ်းကျဉ်းစွန့်စားမှု အနည်းဆုံးဖြင့်မျိုးသစ် (New Variety) ကို လက်ရှိမျိုး (Existing Variety) ဖြင့် ယှဉ်ပြိုင် စိုက်ပျိုး ရပါမည်။
0. မျိုးသစ်ကို စိုက်ပျိုးရာတွင် မိမိလုပ်ကိုင်နေကျ စိုက်ပျိုးနည်းစနစ် (Farmers’ practice) အတိုင်း စိုက်ပျိုးရပါမည်။ ဥပမာ – မိမိသည် ဓါတ်မြေသြဇာ အနည်းငယ်သာ သုံးစွဲလေ့ရှိပါက မျိုးသစ်ကို ဓါတ်မြေသြဇာ များများကျွှေး၍ အကဲ မဖြတ်သင့်ပေ။ မိမိသည် တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးလေ့ ရှိပါက ပျိုးထောင် ကောက်စိုက်၍ အကဲမဖြတ်သင့်ပေ။
0. မျိုးသစ်ကို အောက်ပါ အချက်များနှင့် ပြည့်စုံမစုံ လေ့လာ သင့်ပါသည်။
0. မိမိလယ်မြေနှင့် သင့်တော်ကိုက်ညီမှု (Suitability)
0. အထွက်နှုန်း တည်ငြိမ်မှု (Stability of Yield)
0. ဒေသတွင် ကျရောက်လေ့ရှိသည့် ပိုးမွှားနှင့် ရောဂါများ ဒဏ်ခံနိုင်ရည်ရှိမှု (Resistance to local pests)
0. ရေမြေဒေသ ဖြစ်ထွန်းမှု (adaptation to local conditions)
0. မိမိလက်ရှိမျိုးထက် မျိုးသစ်၏သာ လွန်ကောင်းမွန်မှုသေချာစေရန် မျိုးသစ်ကို အနည်းဆုံး သုံးရာသီ စိုက်ပျိုး လေ့လာ အကဲဖြတ်သင့် ပါသည်။
စပါးမျိုး ရယူ စိုက်ပျိုးမှု (Seed Source) မှန်ကန်ရေး
လယ်သမား အများစု (၆၀ ရာခိုင်နှုန်းခန့်) သည် မိမိလယ်မြေမှ စိုက်ပျိုးထွက်ရှိသော စပါးကိုပင် မျိုးအဖြစ် အသုံးပြုလျက် ရှိကြောင်း လေ့လာ စစ်တမ်းတစ်ခုတွင် ဖတ်ရှုရ ဘူးသည်။(ကိုယ့်အား ကိုယ်ကိုးနေရခြင်း) လယ်သမားအချို့ (၂၀ ရာခိုင်နှုန်း) ခန့်မှာ နီးစပ်ရာ လယ်ကွင်းများရှိ လယ်သမား များထံမှ မျိုးအဖြစ်ဝယ်ယူ စိုက်ပျိုးသည်။ ကောင်းသည် သန့်သည်ဟု အမြင်အတွေ့အကြားဖြင့် ဝယ်ယူ စိုက်ပျိုးခြင်း ဖြစ်ပါမည်။
(ကိုယ့်မျိုး ကိုယ်ရှာရခြင်း) လယ်သမားအချို့ (၂၀ ရာခိုင်နှုန်း) ခန့်မှာမူ ဌာနဆိုင်ရာခြံ၊ စိုက်ကွင်း၊ မျိုးသန့်ရွာ စသည်တို့မှ ဝယ်ယူ စိုက်ပျိုးကြောင်း ဖေါ်ပြထားသည်။
(ထောက်ခံ မျိုးသန့် ရရှိနိုင်သည့် နေရာမှန်) လေ့လာ စစ်တမ်း၏ နိုင်ငံတစ်ဝှန်း ကိုယ်စားပြုမှု မည်မျှရှိသည်ကို မခန့်မှန်း နိုင်သော်လည်း မူလမျိုး ပျက်သုန်း သွားခြင်း၊ မျိုးကွဲ များပြားခြင်း၊ အနိမ့်အမြင့် ပုံသဏ္ဍာန် မမှန်သော အနှံများ ထွက်ပေါ်ခြင်း၊ စိုက်ခင်းအတွင်း အပင်အရပ်အနှံ မညီမညာဖြစ်ခြင်း စသည်တို့ကြောင့် တစ်ဧက စပါး အထွက် လျော့နည်းမှု မရှိစေရန်၊ မျိုးစစ်မျိုးမှန်ကို နေရာမှန်မှ ရယူစိုက်ပျိုးနိုင်ရေး လိုအပ်ချက် များစွာ ရှိနေဆဲဖြစ်ပါသည်။
ရိုးရိုးရေဖြင့် စပါးမျိုးစေ့ ရွေးချယ်ခြင်း
စပါး စိုက်ပျိုးရာတွင် အောင်မြင် ပြည့်ဖြိုးသည့် စပါးမျိုးစေ့များကိုသာ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ အပင်ပေါက် ရာနှုန်း ကောင်းမွန်ခြင်း၊ ပျိုးပင် သန်စွမ်းခြင်းတို့သည် စပါးပင်ဖြစ်ထွန်းမှု ကောင်းစေရေးနှင့် အထွက် ကောင်းစေရေး အတွက် အခြေခံ လိုအပ်ချက်များ ဖြစ်ပါသည်။ ဆားရည်စိမ် စပါးမျိုးစေ့ရွေးချယ်နည်း အပါ အဝင် နည်းအမျိုးမျိုး၏ စပါးအထွက်နှုန်း အပေါ် အကျိုးပြုမှုကို ၂၀၀၁ မှ ၂၀၀၃ ထိ စမ်းသပ်သည့် သုတေသနရလဒ်များ ရှိပါသည်။ စပါးစိုက်ပျိုးရာတွင် အဆင့်မီ မျိုးသန့်မျိုးစေ့ကို ရရှိသုံးစွဲနိုင်ခြင်း မရှိပါက ရိုးရိုးရေတွင် သုံးကြိမ် စိမ်၍ ရေပေါ်တွင် ပေါ်နေသော အဖျင်း၊ လုံးပိန် လုံးညှပ်တို့ကို ဖယ်ရှားပြီး ရေတွင် မြုပ် သော အောင်မြင်ပြည့်ဖြိုးသည့် စပါးမျိုးစေ့ များကို ရွေးချယ် စိုက်ပျိုးခြင်းဖြင့် စပါးအထွက် ကောင်းစေပါသည်။ အကြောင်းရင်းမှာ ရွေးချယ် ရရှိသော အောင်မြင် ပြည့်ဖြိုးသည့် မျိုးစေ့များတွင် စေ့တွင်းစာ ပိုမိုပါဝင်သဖြင့် အပင်ပေါက် ညီညာခြင်း၊ ပေါက်လာသည့် ပျိုးပင်ကောင်းခြင်း၊ ပျိုးပင်သန်မာ ထွားကြိုင်းခြင်း၊ အမြစ်များများ ထွက်ခြင်း၊ ပြောင်းရွှေ့ ကောက်စိုက်သည့် အခါ အမြစ်စွဲလျင်မြန်ခြင်း တို့ကြောင့် ဖြစ်ပါသည်။
Credit>>SinThiHa
RICE & CEREAL CROPS